သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-01-17

အကြင်နာ အလင်းစစ်


 ကျွန်မတော်တော် ဆာလောင်နေပြီ။ ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရပေမယ့် နေ့လည်စာ
စားချိန်ကျော်နေတော့ ဗိုက်ထဲက ပိုးမျိုး ရှစ်ဆယ်က သောင်းကျန်း ဆန္ဒပြနေကြပြီ။

ကျွန်မ အနီးစပ်ဆုံး ရှမ်းခေါက်ဆွဲဆိုင် တစ်ဆိုင်ကိုဝင်လိုက်တယ်။ မြီးရှည်
တစ်ပွဲမှာပြီး လွယ်လွယ်ကူကူနဲ့ လေကောင်းလေသန့် ၀င်နိုင် မယ့် ဆိုင်အ၀နားက
စားပွဲငယ်မှာဘဲ နေရာယူလိုက်မိတယ်။ ထမင်းစားချိန်မို့ ဆိုင်ထဲမှာ
လူတော်တော်ကျနေတယ်။ ကျွန်မ အလှည့် ရောက်ဖို့ တော်တော်စောင့်ရဦးမယ်။ ဒါနဲ့
ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း အမှတ်မထင် အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ ညစ်ပတ်
ပေရေနေတဲ့ လူတစ်ယောက် ဆိုင်အ၀ကို ချဉ်းကပ်လာတာ မြင်လိုက်ရတယ်။ စုတ်ဖတ်တဲ့
အ၀တ်အစားညစ်ပေပေနဲ့။ အနှစ်နှစ် အလလ မလျှော်ထားတဲ့ ဆံပင်တွေကလည်း ချေးတွေနဲ့
ဂျပ်ပြားကြီးကိုဖြစ်လို့။ မျက်နှာကရော အတူတူဘဲ ချေးလက် လေးသစ်နဲ့။ သူ့ကိုယ်က
အောက်သိုးသိုး အနံ့ကလည်း ပတ်ဝန်းကျင်မှာ ဝေ့၀ဲလို့။ မျှော်လင့်ချက်မဲ့
သူ့မျက်ဝန်းတွေက ဆိုင်ထဲကို ကြောင်စီစီနဲ့ မျှော်ကြည့်လို့။ သူ့အသွင်အပြင်က
ဆာလောင်မွတ်သိပ် နေတာကတော့ အသေအခြာပါဘဲ။

သူက ဆိုင်ထဲကို ရုတ်တရက် ဒယီးဒယိုင်နဲ့ ၀င်ချလာတယ်။ ပြီးတော့ မသိမ်းရသေးတဲ့
စားပွဲပေါ်က စားပြီးသား အကြွင်းအကျန်တွေကို ဘာမပြော ညာမပြော လက်နဲ့
လှမ်းနှိုက်ပြီး သူ့ပါးစပ်ထဲ ထိုးသွင်းပြီး ခပ်အေးအေးဘဲ စားနေတယ်။ သူက
ဘယ်သူ့ကိုမှ ဂရုမစိုက် နေဘူး။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိနေတဲ့
ပုံစံမျိုးနဲ့ပေါ့။

ဘေးစားပွဲက စားနေတဲ့ ကလေးမလေးတွေရဲ့ စူးစူးရှရှ အော်သံတွေထွက်လာတယ်။
စားပွဲထိုးက ချက်ခြင်းရောက်လာပြီး လက်ထဲ ခေါက်ဆွဲစားတဲ့ တစ်ခါသုံး
တူတစ်ချောင်းနဲ့ ချေးအထပ်ထပ်နဲ့ သူ့ကို လှမ်းတို့ပြီး အပြင်ကို မောင်းထုတ်တယ်။
သူက လက်ထဲက ခေါက်ဆွဲဖတ်တွေ တန်းလန်းနဲ့ ထိတ်ထိတ်လန့်လန့်နဲ့ ဆိုင်အပြင်ကို
ပြေးထွက်သွားရှာတယ်။

ဒါပေမယ့် မကြာပါဘူး။ သူဆိုင်အ၀ကို ပြန်ရောက်လာပြန်တယ်။ ဒါပေမယ့် ခုနလိုတော့
ဆိုင်ထဲကိုတော့ မ၀င်ရဲတော့ဘူး။ အ၀င်ဝ တံခါးနားကနေ တွန့်ဆုတ်ဆုတ်နဲ့ ဆိုင်ထဲကို
လှမ်းကြည့်နေရှာပြန်တယ်။ သူ့ရဲ့ ပိန်ချိနဲ့တဲ့ ခန္ဓာကိုယ်၊ ဆာလောင်ငတ်မွတ်နေတဲ့
မျက်ဝန်း အစုံကိုမြင်လိုက်ရတဲ့ ကျွန်မရင်ထဲ ဘယ်လိုမှ စိတ်မကောင်း
နိုင်တော့ပါဘူး။

စားပွဲထိုးက အငွေ့ တစ်ထောင်းထောင်းထနေတဲ့ မြီးရှည်ပန်းကန်ကို ကျွန်မစားပွဲမှာ
လာချပေးတယ်။ မြီးရှည်ရဲ့ မွှေးရနံ့က ဆာလောင် နေတဲ့ ကျွန်မအတွက် အတော့်ကို
ဆွဲဆောင်မှုရှိနေပါတယ်။ ဒါပေမယ့် ကျွန်မ မျိုမကျနိုင်မှန်း ကိုယ့်ကိုယ်ကို
သိနေပါတယ်။ ကျွန်မရဲ့ စိတ်တစ်ဖက်က ဆိုင်ဝက လူကို ကျွန်မရဲ့မြီးရှည်ပန်းကန်ကို
ပေးပြီး ကျွေးလိုက်ချင် နေမိပါတယ်။ ဒါပေမယ့် တစ်ဘက်က လည်း တခြားလူတွေ
လှောင်ပြီး ၀ိုင်းကြည့်ကြမှာလားဆို စိုးရိမ်မိနေပြန်တယ်။
ကျွန်မဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်မစိတ်ကို ရဲဆေး တင်းပြီး စားပွဲထိုးစီက
ဖော့ဘူးအလွတ်တစ်ခု တောင်းလိုက်တယ်။ ဘယ်ကိုမှ မကြည့်တော့ဘဲ မြီးရှည်
တစ်ပွဲလုံးကို ဖော့ဘူးထဲ လောင်းထည့်လိုက်တယ်။ ပြီးတော့ ဖော့ဘူးကို ယူပြီး
ဆိုင်တံခါးဝက သူ့ဆီကို သွားပေးလိုက်မိတယ်။ သူ့ကို ယူဘို့ မေးဆတ်ပြ လိုက်တယ်။
သူက မယုံနိုင်သလို ကျွန်မကို ကြည့်နေသေးတယ်။ ပြီးတော့မှ အနားကပ်လာပြိး လက်ထဲက
ဖော့ဘူးကို ဆတ်ကနဲ ဆွဲယူလိုက်တယ်။ သူရဲ့ ညစ်ပေနေတဲ့ နှုတ်ခမ်းထောင့်က
ကျေးဇူးတင် အပြုံးကို သူလှည့်ထွက်မသွားသေးခင် ကျွန်မမြင်ဖြစ်အောင် မြင်လိုက်သေးတယ်။

 စိတ်ထဲမှာ တာဝန်ကြီး တစ်ခုဆောင်ရွက် ပြီးစီးသွားသလိုမျိုး ခံစားရပြီး
ပေါ့ပါးသွားတော့တယ်။ ဒါနဲ့ ကျွန်မစားပွဲကို ပြန်လာ ထိုင်ပြီး နောက်ထပ် မြီးရှည်
အသစ်တစ်ပွဲ ထပ်ပြီး မှာယူလိုက်တယ်။ ဘေးပတ်ပတ်လည်က စားပွဲတွေကို မသိမသာ အကဲခတ်
လိုက်တော့ အံ့သြ မျက်ဝန်းတွေနဲ့ ကျွန်မကို အကဲခတ်လို့ပေါ့။ တစ်ဆိုင်လုံး
ရုတ်ချည်း တိတ်ဆိတ်သွားသလိုတောင် ထင်လိုက် မိတယ်။ ဒီတစ်ခါတော့ ထပ်မှာထားတဲ့
မြီးရှည် တစ်ပွဲက ကျွန်မရှေ့ကို မြန်မြန်လေး ရောက်လာတယ်။ စောစောက တစ်ပွဲထက်
ပိုလည်း များနေတယ်။ အသားတွေကလည်း တစ်ပုံကြီးနဲ့။ စားပြီးတော့ ကျွန်မကောင်တာမှာ
ငွေသွားရှင်းတော့ ဆိုင်ရှင်က လက်ကာပြီး ရယ်ရယ်မောမောနဲ့ ပြောလေတယ်။

” ကျွန်မတို့ ဒါနပြုပါရစေ.. ငွေမယူပါရစေနဲ့ “

သူ့စကားလည်းဆုံးရော တစ်ဆိုင်လုံး လက်ခုပ်သံတွေ ဆူညံသွားပါတော့တယ်။
တစ်ခဏအတွင်းမှာဘဲ ကျွန်မ ဦးနှောက်ထဲ ဖြတ်ကနဲ လင်းလက်သွားတယ်။

” သြော်.. ချစ်တတ် ကြင်နာတတ်တဲ့စိတ်က လူတိုင်းမှာ ရှိနေနိုင်ပေမယ့် ပေးအပ်ရဲတဲ့
သထ္ထိရှိဖို့ လိုနေသေးတာပါလားနော် “


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

No comments:

Post a Comment